စစ်ကိုင်းမြို့တွင် နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေး နှိုးဆော်၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

စစ်ကိုင်း စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က MRN သတင်းဌာနမှ သတင်းမီဒီယာများက စစ်ကိုင်းမြို့၏ အချက်အခြာကျသည့် လမ်းဆုံနေရာများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၏ ကူညီ ဆောင်ရွက် ပေးမှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

"ကျွန်တော်တို့ရဲ့ သတင်းဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် သတင်းသမားများအနေဖြင့် မိမိတို့၏ စေတနာအားများစုပေါင်းပြီး စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်၊ စဉ့်ကိုင်မြို့များကို နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာပါ နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းအား ဖြင့် ရောဂါကူးစက်မှုလျော့နည်း သွားနိုင်ပါတယ် အခုဆိုရင် ဒီရောဂါက နေရာဒေသအသီးသီးမှာ ပျံ့နှံ့လို့ လာနေပါပြီး တစ်ဦးတစ်ယောက်ကအစ စည်းကမ်းရှိမှ ထိန်းသိမ်းနိုင်မှာပါ " ဟု MRN သတင်းဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ အန်ကယ်လေး(စစ်ကိုင်း)က ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များကလည်း နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များ ဆေးကြောပေးခြင်းနှင့် အသိပညာပေး လုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးနေကြ ကြောင်းသိရသည်။

ဇော်မြင့်နိုင်