မြဝတီမြို့၌ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများချီးမြှင့်

မြဝတီ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးတို့အား ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝှေ့ရှမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းခင်ဝင်း(ကွယ်လွန်)၊ မဲ့ပလဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း (ကွယ်လွန်)နှင့် အမှတ်(၂)ရပ်ကွက်ရာအိမ်မှူး ဦးသန်းဌေး(ကွယ်လွန်) တို့အတွက် ၎င်းတို့၏ မိသားစုဝင်များအား စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလရွှေတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေ၊ ပေ ၄၀ ပေ ၆၀ မြေကွက် မြေပေးမိန့်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်ဦးလျှင် ရွှေချိန် ၂ ကျပ်ခွဲသားရှိ ရဲဗလရွှေတံဆိပ်၊ ဂုဏ်ပြုဆုငွေ ၃ သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုချီးမြှင့်ငွေ ၅ သိန်းကျပ်၊ ကရင်ပြည်နယ်အစိုးရဖွဲ့မှ စီစဉ်ပေးအပ်သည့် ပေ ၄၀ ပေ ၆၀ မြေကွက်တို့ကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး အမှတ်(၂)ရပ်ကွက်ရာအိမ်မှူး ဦးသန်းဌေး(ကွယ်လွန်) မိသားစုအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် ၁၂ သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)