ဘားအံ နိုဝင်ဘာ ၂၃
ရှမ်းတိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်တော်မူသော ရေလဲဆရာတော် ဘဒ္ဒန္တဝိစိတ္တက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကျင်းပနိုင်ရန်နှင့် စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများတိုးမြှင့်လျာထား၍ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူများအားလုံး ချစ်ခင်ရင်းနှီးစွာအတူ လက်တွဲ၍ စည်လုံးညီညွတ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံအတွင်း ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများက ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀၀)ကို ထောက်ပံ့ပေးအပ်ရာ မိန်းမလှကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းလှထွန်းက လက်ခံရယူပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရှမ်းနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ ကြွရောက်တော်မူပြီး သဘာပတိအဖြစ် ဆောင်ရွက်ပေးတော်မူကြသော ရေလဲဆရာတော်ဘဒ္ဒန္တဝိစိတ္တနှင့် ရှမ်းဆရာတော်ကြီးနှစ်ပါးတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
အခမ်းအနားအပြီးတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ရှမ်းရိုးရာ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ရှမ်းစာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုတူရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာ ကွင်းအမှတ် ၁၂၂၉ ရှိ တောင်သူဦးခင်သောင်း၏ ဆောင်းသီးနှံ(ပဲတီစိမ်း)စိုက်ခင်း၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ရွက်ဖျန်းမြေဩဇာ စုပေါင်းပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူဦးကျော်ရှိန်၏ မြေပြန့်မြေပဲစိုက်ပျိုးထားရှိမှုနှင့် မြေဆွပေါင်းသင် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)