လပွတ္တာ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ယနေ့ နံနက် (၈) နာရီတွင် လပွတ္တလုပ်မြောက်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ကျော် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမြင့်ထွန်း၊ ခရိုင်/မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ လပွတ္တ လုပ်မြောက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ထို့နောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းလွင်မှ မိုးစပါးစံကွက် ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းအမှတ် (၅၄၄)၊ လပွတ္တာလုပ်မြောက် ကွင်းအတွင်းရှိ ပေါ်ဆန်းမျိုးကွဲကောင်း အဆင့်အတန်း ကိုယ်စားပြု ဧရိယာ (၂၉ .၆၉)ဧကအတွက် တောင်သူ ဦးမြင့်ကျော်၏ လယ်မြေဦးပိုင်အမှတ် (၇) ဧရိယာ (၁၂.၁၀) ဧကအတွင်း စံကွက်အရွယ်အစား (၀.၀၀၁) ဧကအား ရိတ်သိမ်းခဲ့ရာ ခြောက်သွေ့ပြီး တစ်ဧက (၅၈.၅၅) တင်း ထွက်ရှိခဲ့သည်။ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် မိုးစပါးစိုက်ဧရိယာ (၃၃၇၈၁၀) ဧက စိုက်ပျိုးထားကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)