လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

လွိုင်ကော်      နိုဝင်ဘာ        ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မတည်၍ ပြည်သူအများစုပေါင်းလှူဒါန်းမှုဖြင့် မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ကုန်သည်ကြီးစေတီတော်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်ပရဝဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မြို့နာမ်စေတီတော်ပရဝဏ်အတွင်းရှိ မြို့နာမ်စေတီတော်၊ ကုန်သည်ကြီးစေတီတော်နှင့် စော်ဘွားကြီးစေတီတော်မြတ်တို့ရှိ စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်။

ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင် ပြည်သူများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မတည်လှူဒါန်းငွေများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်က ကယားပြည်နယ်အတွင်းရှိ တပ်မတော်သားမိသားစုများ လှူဒါန်းငွေများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဌာနဆိုင်ရာဝန်ထမ်းများ၏စုပေါင်း လှူဒါန်းငွေများကိုလည်းကောင်း၊ အလှူရှင်တစ်ဦးက စေတနာအလှူရှင်များ၏ လှူဒါန်းငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ  မြို့နာမ်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးရီပေါက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တပညာစက္က(မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယနေ့အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက စုပေါင်း၍ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း၊ မြို့နာမ်စေတီတော် မဟာရံတံတိုင်းများကို ရှေးမူမပျက် ပြင်ဆင်မွမ်းမံခြင်း၊ အောင်မြေအဆောက်အဦနေရာအား အလင်းဖွင့်မှန်တပ်ဆင်ခြင်းနှင့် စေတီတော်ပရဝဏ်အတွင်းရှိ ပြုပြင်ရန်လိုအပ်သော နေရာများအား ပြုပြင်မွမ်းမံခြင်းများအတွက် ငွေကျပ်(၁၄၈,၁၇၂,၃၃၆) လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကိုဇင်(လွိုင်ကော်)