ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားရေး မိမိကစ၍ ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်

ခန္တီး     စက်တင်ဘာ   ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မိမိကစ၍ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့မရပ်ကွက်၊ ပေါမိုင်းနှင့် ဇီးဖြူကုန်း ရပ်ကွက်တို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူး ဦးဟန်လင်းထွဋ်နှင့် ရုံးဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသီဟ ထက်အောင်တို့ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မုံရွာမှ ဟုမ္မလင်းသို့ စက်တင်ဘာ ၉ ရက်က လိုက်ပါလာသည့် ဟုမ္မလင်းမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအမျိုးသမီးနှင့်အတူ အမြန်ရေယာဉ်တစ်စီးတည်းအတူလိုက်ပါသူ ခန္တီးမြို့က အမျိုးသမီးတစ်ဦးအား Quarantine ထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီး၏ နှာခေါင်း၊ အာခေါင်တို့ပတ်ရယူပြီး ယမန်နေ့ ညနေ ၄ နာရီက မန္တလေးဆေးရုံသို့ ပေးပိုးဆေးစစ်လျက်ရှိ ပါကြောင်း၊ ခန္တီးမြို့တွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စိုးရိမ်မလွန်ကြပါရန်၊ မလိုအပ်ဘဲအိမ်အပြင်မထွက်ကြရန်၊ မဖြစ်မနေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လူတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ မကြာခဏ လက်ဆေးခြင်းတို့ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို မိမိကစ၍ ကာကွယ်ကြပါရန်နှင့် မဟုတ်မမှန်သည့် ကောလဟလ သတင်းများကို မယုံကြည်ကြရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)