ဂန့်ဂေါမြို့၌ ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဂန့်ဂေါ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူ မိဘပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားသည့် အလေ့အကျင့်များရှိစေရန်  Mask Campaign ကို အရှိန်အဟုန်မြှင့်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို လူသွားလူလာများပြားသည့် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးဝင်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီး ရေးရာ အသင်းအဖွဲ့နှင့် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ဒေသတွင်းသွားလာကြသည် ခရီးသွား ပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များကို လိုက်နာကျင့်သုံးကြရန်၊ နေအိမ်ပြင်ပသို့သွားလာရာတွင်  နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန် အသိပညာပေးပြီး  နှာခေါင်းစည်း(Mask)ခုရေ (၃၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)