ငဖဲ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးများ အထွက်နှုန်းကို သိရှိစေရန်ရည်ရွယ်၍ ဧရာမင်းမိုးစပါးနှင့် ရတနာတိုးမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းရှည်ကျေးရွာနှင့် အိုးမြေတွင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်အတွင်း မိုးစပါးများ အထွက်နှုန်းကောင်းမွန်မှန်ကန်စေရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်၍ ရင်းရှည်ကျေးရွာ ကွင်းအမှတ်၊ ၁၀၉၃ အင်ဘိုးကွင်း ဦးပိုင်အမှတ်၊ ၂၄ တောင်သူ ဦးအာလောလေး ၏ လယ်မြေ ၀.၅၀ ဧကတွင် မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဧရာမင်းစပါးမျိုး(သင့်) အဆင့်အတန်းကိုယ်စားပြု စပါးအစိုထွက် တစ်ဧက (၇၀.၂၉)တင်းထွက်ရှိကြောင်းနှင့် အိုးမြေတွင်းကျေးရွာအုပ်စု ကွင်းအမှတ်၊၁၀၂၈ သပြေပင်ကွင်း ဦးပိုင်အမှတ် ၃၅၇ တောင်သူဦးအုန်းရွှေ၏ လယ်မြေ (၀.၉၄)ဧက ရတနာတိုး စပါးမျိုး(ကောင်း) အဆင့်အတန်းကိုယ်စားပြု စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက် တစ်ဧက (၁၀၉.၃၄)တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးများစံကွက်ရိတ်သိမ်းပွဲသို့ ငဖဲမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်း နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက် ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)၏