မြို့သစ် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဌာန၏ လုပ်ငန်းများအား ဦးစွာ မိတ်ဆက်ပြောကြားပြီး၊ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင် ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးမည့် ရက်စွဲမပါရှိသည့် မုန့်ထုပ်များ၊ သတ်မှတ်ရက်လွန် အစားအစာများနှင့် စားသုံးသူများကုန် စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိရှိရမည့် အခွင့်အရေးများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁ဝ၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)