ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး နိုဝင်ဘာ  ၂၃

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပဲခူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဖြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်းက အားကစားနှင့်ပတ်သက်၍ “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့်လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဝင်းကျော်က လူငယ်နှင့်ခေါင်းဆောင်မှု၊ အားကစားကျင်းပရခြင်း၏ရည်ရွယ်ချက်အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ရန်ကုန်) တက်ရောက်နိုင်ရေးစသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အားကစားပစ္စည်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)