ဟုမ္မလင်းမြို့က ပိုးတွေ့လူနာနှင့် အမြန်ရေယာဉ် တစ်စီးတည်း အတူစီးလာသူ၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နမူနာရယူ

ခန္တီး   စက်တင်ဘာ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယနေ့နံနက်ပိုင်း၌ Quarantine ထားရှိသည့် ဟုမ္မလင်းမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အမြန်ရေယာဉ်တစ်စီးပေါ် အတူပါလာသူ ခန္တီး မြို့ခရိုင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ ပြန်လာ သူတစ်ဦးတို့၏ နှာခေါင်း အာခေါင်တို့ပတ်တို့ကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ခန္တီးမြို့မှ မော်တော် ကားဖြင့် မန္တလေးမြို့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ခန္တီး မြို့တွင် Facility Quarantine ဝင်သူ (၁၂) ဦး ရှိသည့်အနက် နှာခေါင်း အာခေါင်တို့ပတ်ပြွန် ( tube ) အခက်အခဲကြောင့် ဦးစားပေးအဖြစ် ဟုမ္မလင်းမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အမြန်ရေယာဉ်တစ်စီးပေါ် အတူစီးလာသူနှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူတစ်ဦးတို့၏ နှာခေါင်း အာခေါင်တို့အပတ်တို့ကိုသာ ပေးပို့နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''နှာခေါင်း အာခေါင်တို့ဖတ်ကို ရယူပြီး အလွန်းဆုံး ၂၈ နာရီအတွင်း စစ်ဆေးရမှာဖြစ်ပါတယ်။  ၂၄ နာရီ အတွင်း စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ '' ဟု ခန္တီး ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန်းမြင့်မြင့်မွှေးက ပြောကြားသည်။

ယခုပေးပို့မည့် နှခေါင်း အာခေါင်တို့ပတ်များကို ခန္တီးမြို့မှ စင်းလုံးငှားကားဖြင့် မန္တလေးမြို့သို့ တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ခန္တီးမြို့မှ ည ၄ နာရီထွက်ပါက နောက်တစ်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးမြို့သို့ ရောက်ရှိနိုင်ကြောင်း ယာဉ်မောင်းနှင်မည့် သူက ပြောကြားသည်။

ခန္တီးမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်းနှင့် နှာခေါင်း၊ အာခေါင်တို့ပတ်ပြွန် (tube) များကို ထပ်မံမှာယူနေကြောင်း ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး၌ ခန္တီးခရိုင် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် သမားတော်ကြီး၏  ပြောပြချက်အရ သိရသည်။

အမ်းအင်းလမ်း