ပွင့်ဖြူ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာသစ်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသားများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြား မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီမံကိန်းချေးငွေများကို စဉ်ဆက်မပြတ် ဆပ်/ထုတ် စနစ်ဖြင့် ထုတ်ချေးဆောင်ရွက် ပေးနေခြင်းဖြစ်ပါကြောင်း ၊ စီမံကိန်းချေးငွေများကို အကျိုးရှိရှိ အသုံးချပြီး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၁၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၉ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသားဦးရေ ၂၂၁ ဦး အတွက် အဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၇၀ ဒသမ ၁ သန်းအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)