လက်ပံတန်း နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သက်ငယ်မုဒိန်းပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ လူငယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က သက်ငယ်မုဒိန်းမှုများဖြစ်ပွားရခြင်း အကြောင်းရင်းနှင့်ကာကွယ်စောင့်ရှောက်မှု နည်းလမ်းများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်ရေးဆိုင်ရာ အချက်များ၊ အသက်ရှင်သန်ဖွံ့ဖြိုးမှု အခွင့်အရေးဆိုင်ရာများ၊ ကျားမအခြေပြု အကြမ်းဖက်မှုများအား လည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဟေမွန်သန့်က ကလေးသူငယ်ဆိုင်ရာဥပဒေနှင့် သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ် များအားလည်းကောင်း အသိပညာပေး ဟောပြောကာ လူမှုဝန်ထမ်းဦးစီးဌာနက လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအုပ်သမား ပပျောက်ရေးနှင့် သက်ငယ်မုဒိန်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းထွန်း (ပြန်/ဆက်)