သရက် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သတင်းရေးသားမှု ဆောင်ရွက်နေသည့် မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် စာရေးဝန်ထမ်းများအား မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) သင်တန်းကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ် ပို့ချခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးမျိုးဇော်က အမှာစကား ပြောကြားရာတွင် မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ အဓိက တာဝန်မှာ ပြည်သူကို အသိပညာပေးရန်နှင့် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများ၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် လုပ်ငန်းများအား ပြည်သူများသိရှိစေရန် အချိန်နှင့် တပြေးညီ တင်ပြပေးဖို့ဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းများသည် ပြည်သူကို အသိပညာပေးနေကြရသူများဖြစ်၍ ဗဟုသုတများ ပြည့်ပြည့်ဝဝရှိနေရန်၊ တနည်းအားဖြင့် ဝမ်းစာပြည့်ဝနေဖို့လိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ အရည်အချင်း မြင့်မားစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများက သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ် သည်နှင့်အညီ အစဉ်ပြောင်းလဲ တိုးတက်နေသဖြင့် မိမိတို့ ဝန်ထမ်းများကလည်း အမြဲမပြတ် လေ့လာ သင်ယူနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) သင်ခန်းစာနှင့် သတင်းရေးသားထုတ်ပြန်ခြင်း သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။
ဆက်လက်၍ သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက သတင်းထောက်များအတွက် ပြည်သူ့ ဆက်ဆံရေး သင်ခန်းစာမှတ်စုများကို ပို့ချခဲ့ရာ ခရိုင်အတွင်းရှိ သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၁၂) ဦး တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် မှ ယမန်နေ့ထိ (၂) ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)