မြိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်  နိုဝင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ (၂၃)နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲကို အထက(၈)အသင်းနှင့် အလက(၅)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြရာ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ပြိုင်ပွဲတွင် အလက(၅)အသင်းက အထက(၈)အသင်းအား (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု၊ တတိယဆု ရရှိသောအသင်း၊ ဒုတိယဆုရရှိသောအသင်းနှင့် ပထမဆုရရှိသောအသင်းတို့မှ အားကစားသမားများအား လည်ဆွဲ ဆုနှင့်ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပထမရရှိသောအသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစား နှင့်ကာယ ပညာ‌ကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးက ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း(၁၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား နိုဝင် ဘာလ (၁၈)ရက်မှ(၂၃)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်