မြိတ်မြို့တွင် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်း ဖွင့်လှစ်

မြိတ်   နိုဝင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကျား/မအခြေပြု အကြမ်းဖက်မှု (GVB) အသိပညာပေးသင်တန်းကို မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာ(၂၃)ရက် နံနက်ပိုင်းက မြိတ်မူလတန်းကြိုကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

အသိပညာပေးသင်တန်းကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ချရေး၊ ပပျောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံ တကာမှဆောင်ရွက်နေသော အမျိုးသမီးအကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ပိုမိုရှင်းလင်းမြင်သာစေရန်နှင့် တူညီစွာလုပ် ဆောင်မှု ကိုဖော်ညွှန်းရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးမှ တားဆီးစုပေါင်းကာကွယ်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း  သိရသည်။

သင်တန်းတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ အကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများကို တစ်နေ့တာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းကို သင်တန်းသား/သူ (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်ခန်းစာများ စတင်ပို့ချဆွေးနွေးခဲ့သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ ရက်သတ္တပတ်သည် နိုဝင် ဘာလ(၂၅) ရက်မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ဖြစ်ကြောင်း၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရခွဲခြားသတ်မှတ်သည့် ကျား/မရေးရာစံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကိုဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် လုပ်ရပ် အားလုံးကို ဆိုလိုကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ခရိုင် ပြန်/ဆက်