ကသာ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကသာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကလေးသူငယ်များ၏ မွေးဖွားမှုစာရင်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ၊ မွေးစားကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ခရိုင်အတွင်းစစ်ဆေးစိစစ်နိုင်ရန် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရိုင်ဥပဒေအရာရှိက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ဥပဒေများ၊ တရားစီရင်ဆုံးဖြတ်ချက်များကို ကော်မတီအနေဖြင့် သိရှိစေရန် ဆွေးနွေး တင်ပြသည်။ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းက မွေးဖွားမှုစာရင်းမှတ်ပုံတင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးတင်ပြမှုများအပေါ် ကသာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အစည်းအဝေး ဆုံးဖြတ်ချက်များချမှတ်၍ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား လမ်းညွှန်အကြံပြုပေးခဲ့ပြီး မြေပြင်တွင်အမှန်တကယ် လုပ်ဆောင်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်နိုင်ရေးအတွက် ကော်မတီဝင်များ ထပ်မံဖွဲ့စည်းတာဝန်ပေးရန် တိုက်တွန်းမှာကြား ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)