သရက်ခရိုင်ပြည်သူ့စာကြည့်တိုက်၌  ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်

သရက် နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ သတင်းရေးသားနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းကို  ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက  မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ အဓိကတာဝန်မှာ ပြည်သူကို အသိပညာနှင့် ဗဟုသုတပေးနေရသည်ဖြစ်၍ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တင်ဆက်ပေးနိုင်ရန် အရည်အသွေးပြည့်ဝသော သတင်းရုပ်သံများ၊ ရုပ်သံမှတ်တမ်းများကို သင်တန်းသားများက လေ့ကျင့်သင်ယူပြီး ရိုက်ကူး တင်ဆက် ပေးပို့နိုင်စေရန်ရည်ရွယ်ကာ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ မှတ်သားစေလိုကြောင်း၊ ဝန်ထမ်းများ အရည်အချင်း မြင့်မားစေရေးအတွက် သင်တန်းများ စီစဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ အစဉ်ပြောင်းလဲ တိုးတက်နေသဖြင့် မိမိတို့ ဝန်ထမ်းများကလည်း အမြဲမပြတ် လေ့လာသင် ယူနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။    

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က စီစဉ်ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများတွင် တက်ရောက်ခဲ့သည့် ဝန်ထမ်းများက မိုဘိုင်းဖုန်းဖြင် ရုပ်သံရိုက်ကူးပြီး Kine Master နှင့် အခြား Application များ အသုံးပြု၍ အရုပ်များနှင့် အသံများ စနစ်တကျ ထည့်သွင်းခြင်း၊ ပြည်သူအများ စိတ်ဝင်စားဖွယ်ဖြစ်အောင် တည်းဖြတ်ခြင်း၊ တည်းဖြတ်ပြီးသည့် ရုပ်သံများအား ထုတ်လုပ်သိမ်းဆည်းခြင်းနှင့် ပေးပို့ခြင်းတို့ကို ပြန်လည်ဆင့်ပွားကာ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်