အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)၌ ကျောင်းတွင်း အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပေါက်ခေါင်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ အထက(ပေါက်ခေါင်း) ကျောင်းမှ မူလတန်းအဆင့်မှအထက်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့အား သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများအား ဩကာသကန်တော့ကြိုးဖြင့် ပူဇော်ကန်တော့ကြရာ ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းနှင့် ဆရာဦးအောင်တင်သိန်းတို့က ဆုံးမဩဝါဒဆုပေးစကားများ အသီးသီးပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှ၊ သီဆိုဖျော်ဖြေမှုများဖြင့် တစ်လှည့်စီ ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)