ကလေးသူငယ်အခွင့်အရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဘိုကလေးတွင် ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာ (၂၂) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

အဆိုပါ ဟောပြောပွဲမစတင်မှီ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က ကလေးသူငယ်များ၏ အခွင့်အရေးများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်များ၊ လူကုန်ကူးမှုပပျောက်စေရေးအတွက် လူကုန်ကူးခြင်းဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များ၊ မိုင်းအန္တရာယ်များအား စုံလင်စွာအသိပညာပေး ဟောပြောခဲ့ပြီး ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောအသိပညာပေးအပြီးတွင် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူများနှင့်အတူ တာဝန်ရှိသူများမှ အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်း၊ ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများအား အမှတ်တရ လက်ဆောင်များနှင့် အသိပညာပေး လက်ကမ်းစာစောင်များပါ ဝေငှပေးခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)