ပေါက်ခေါင်းမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စစ်ဆေးခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း နိုဝင်ဘာ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါက်ခေါင်းမြို့နယ်မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စစ်ဆေးခြင်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်များဖြစ်သော မဲစာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်းမှန်ကန်ရေး၊ အသက်၁၈နှစ်အထက် နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်လာမှုရှိ‌စေရေးအတွက် လိုအပ်သည့်အိမ်ထောင်စုဇယား၊နိုင်ငံသားကဒ်မရှိသူများအား မဲပေးနိုင်ရေးအတွက် ကဒ်ပြာများ ပြုလုပ်ပေးနိုင်ရေး၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းနှင့် ပက်သက်၍ မြို့နယ် လဝကမှဆောင်ရွက်နေမှုများ ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ချောမြင့်မှလည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ‌ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း တို့အား အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆင့်ပွားသင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးမှမြို့နယ်ဦးစီးမှူးတို့မှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူရာတွင် စာရင်းမကောက်မီ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ စာရင်းကောက်ယူပြီးအပိုင်းနှင့် ကွင်းဆင်း ကောက်ယူပြီးအပိုင်း၊ မိမိတာဝန်ကျသည့် စာရင်းကောက်အဖွဲ့သည် အိမခထောင်စုလူဦးရေ စာရင်းရှိသူများအတွက် လူဦးရေစာရင်း အချက်အလက်မှန်/မမှန် စစ်ဆေးခြင်း၊ မှတ်ချက်ပြု ရေးသွင်းခြင်းစသည့် အချက်အလက်အကြောင်းအရာများကို တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား (၁)ရက်ကြာသင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ ဆင့်ပွါးသင်တန်းသို့ မြေပြင်စာရင်းကောက်ယူမည့် ဌာနအသီးသီးမှဝန်ထမ်း ၅၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)