ပဲခူး နိုဝင်ဘာ ၂၃
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အင်းဝင်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အင်းဝင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်မြနှင်းထွေးက အားကစားနှင့်ပတ်သက်၍ “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဝင်းကျော်က လူငယ်နှင့်ခေါင်းဆောင်မှု၊ အားကစားကျင်းပရခြင်း၏ရည်ရွယ်ချက်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ရန်ကုန်) တက်ရောက်နိုင်ရေးစသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အင်းဝင်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)