ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ်ပဲစင်းငုံ (၃) ဧကကို အစေ့ထုတ်ပြောင်းနဲ့ သီးညှပ်စိုက်ပျိုးခဲ့ပါတယ်။ တစ်ချို့တောင်သူတွေက သီးသန့်စိုက်ပျိုးကြပါတယ်။ယခုအခါ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပြီး ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်” ဟု ပဲစင်းငုံစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပဲစင်းငုံ ၁၁၅၁၂ ဧက စိုက်ပျိုးကြောင်း၊ ယခုနှစ် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံ ၂၆၂၃၁ ဧကလျာထားပြီး ယနေ့အထိ ၁၄၀၅၆ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ