မင်းဘူး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မင်းပူး ဦးဩဘာသ ခန်းမ၌ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး၊ အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးအဖွဲ့ (CPU) ဥက္ကဌ ဒုတိယညွှကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် နိုင်ငံတော်တစ်ဝန်းလုံးတွင် အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရန် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များ ဖြစ်ထွန်းစေရန် အဂတိလိုက်စားမှု မဟာဗျူဟာရေးဆွဲဆောင်ရွက် လျက်ရှိပြီး တာဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိစသော အဂတိတရားများ ကင်းရှင်းစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်တွင် အဂတိလိုက်စားမှု ကင်းစင် စေပြီး မှန်ကန်သည့်စနစ် တည်ဆောက်ရာတွင် ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များ ဖြစ်ကြသည့် ညွှန်ကြားရေးမှူး ဦးဝင်ဦး၊ ဒုတိယရဲမှူးကြီး စိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်လေး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိမိမော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဝင်းတို့က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းမူဘောင်များ၊ လုပ်ငန်းနည်းစနစ်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် (CPU) ဥက္ကဌက ညှိနှိုင်းဆောင်ရွက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)