မြောင်းမြ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများကို ယမန်နေ့ နေ့လည် (၁)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေးတိုးတက် သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူပေါင်းလုပ်ဆောင်တတ်စေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူးလာတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင် စေခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူတို့က စိတ်ပါဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများနှင့် မုန့်များ ပေးဝေခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွား လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြ ခရိုင် (ပြန်/ဆက်)