ဘားအံ နိုဝင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၈)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံး (ဘားအံ)မှ ဒုတိယရဲမှူး သိန်းဇော်မြင့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပြဌာန်းခဲ့မှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူကုန်ကူးမှုအမျိုးအစား(၅)မျိုးရှိကြောင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် သိသင့်သိထိုက်သည်များ၊ ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီချက်(MOU) စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင် ကြမည့် အလုပ်သမား များအနေဖြင့် သိသင့်သိထိုက်သည်များ၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် ကြသူများ လိမ်လည်ပို့ဆောင်ခံရခြင်း၊ လူကုန်ကူးခံရခြင်းများ မရှိစေရေး စသည်တို့ကို အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)