ဟုမ္မလင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ (၁)ဧက ပျမ်းမျှအထွက်တင်း (အစို)- ၁၀၇ တင်း အထွက်တိုး

ဟုမ္မလင်း နိုဝင်ဘာ ၁၆

ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှကြီးမှူး၍ မိုးစပါးစံကွက်ရိတ်သိမ်း​နည်းသရုပ်ပြပွဲကို နိုဝင်ဘာ (၁၅)ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊​ကောယာကျေးရွာအုပ်စု တုံလုံ​ကျေးရွာ၊ ကွင်းအမှတ်-၄၄၊ တုံလုံကွင်း၊ ဦးပိုင်အမှတ်(၆၃)၊ ​တောင်သူ ဦးဝင်းလူ၏လယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကျော်သိန်းထွန်းက ​ကျေးရွာလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်​ရေး ကြိုးပမ်း​ဆောင်ရွက်ကြရန် မှာကြားပြီး၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူး ​ဒေါ်စုစုထွေးက စံကွက်ရိတ်သိမ်း ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ တက်​ရောက်လာကြ​သော မြို့နယ်စိုက်ပျိုး​ရေး​မွေးမြူ​ရေး​ ကော်မတီဝင်ဌာနများမှ တုံလုံ​ကျေးရွာ လယ်ယာစိုက်ပျိုး​ရေး​၊ မွေးမြူ​ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်​ရေးဆိုင်ရာများကို ကျေးရွာတောင်သူများအား ​ဆွေး​နွေး​​ကြပြီး၊ တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက အပြန်အလှန်​ ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် စိုက်ပျိုး​ရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးဝင်းလူ၏ ဆင်းဧကရီ-၃ (၆.၆) ​ပေပတ်လည်စံကွက်(၃)ကွက်
ရိတ်သိမ်းပြသခြင်း (၀.၁၀)ဧကစံကွက် စု​ပေါင်းရိတ်သိမ်း​​​​ချွေ​လှေ့ မှတ်တမ်းယူခြင်းများ​ဆောင်ရွက်ကြရာ (၁)ဧက ပျမ်းမျှအထွက်တင်း(အစို)- ၁၀၇ တင်းထွက်ရှိခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်​မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ (၃၀)ဦးနှင့် တုံလုံ​ကျေးရွာမှ တောင်သူ (၆၀)ဦး တက်ရောက်ခဲ့ကြသည်။
ဟုမ္မလင်း​မြို့နယ် တောင်သူများအ​နေဖြင့် မိမိတို့စိုက်ပျိုး​ထားသော စပါးအထွက်နှုန်းကို မိမိကိုယ်တိုင် ရိတ်သိမ်းတွက်ချက် သိရှိနိုင်ရန်အပြင် တစ်မြို့နယ်လုံး ပျမ်းမျှစပါးအထွက်နှုန်းကို ခန့်မှန်းတွက်ချက်နိုင်ရန် မိုးစပါးရိတ်သိမ်းရာသီတွင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)