တီးတိန် နိုဝင်ဘာ ၁၇
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး (ခေတ္တ-ဟားခါး)၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် တီးတိန်မြို့သို့ရောက်ရှိပြီး နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အမှတ်(၂၆၉) ခြေလျင်တပ်ရင်း အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဝုန့်ဆွန်းထန်က ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အမှာစကားပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က နယ်မြေလုံခြုံရေးအခြေအနေများ ပြောကြားသည်။ ထို့နောက်တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးများက ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ဒေသခံ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာများက လိုအပ်ချက်များ တင်ပြကြရာ မြို့မိ၊ မြို့ဖ ဦးကမ်းလျန်းက မဟာဓာတ်အားလှိုင်းရရှိရေး၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအား ကုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ပေးနိုင်ရေးများတင်ပြရာ ပြည်နယ်အဆင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုး