ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ များဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး ၊ပဲလွမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ စွန်တာနီ၊ ထောပတ်ပဲနှင့်အခြား ပဲ ၉၀၀၂၇ ဧကကိုလျာထားပြီး စက်တင်လာလကစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧကစိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“ဒီနှစ် ကျွန်တော်တို့မြို့နယ်မှာ ဆောင်းသီးနှံပဲမျိုးစုံ ဧကကိုးသောင်းကျော် စိုက်ပျိုးဖို့လျာ ထားခဲ့ရာ မှာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ရှစ်သောင်းရှစ်ထောင်ကျော် စိုက်ပျိုးပြီးပါပြီ။ မြို့နယ်အတွင့်မှာရှိတဲ့ ဒေသခံတောင် သူတွေ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် ပဲမှုးစုံအထွက်ကောင်း မျိုးကောင်းမျိုးသန့် များကို သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးတို့အတွက်လည်း ဆောင် ရွက်ပေးလျက်ရှိပါတယ်။ဒါ့အပြင် ရေလိုအပ်ချက်နည်းတဲ့ပဲမျိုးစုံသီးနှံများ စီးပွားဖြစ်စိုက်ပျိုး နိုင်ရေး၊ ပဲမျိုးစုံသီးနှံ အရည်အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ်နည်း ပညာများ ရယူသုံး စွဲနိုင်ရေးနဲ့ စျေးကွက်တဲ့ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြဖို့ကိုလည်း စည်းရုံးဆောင်ရွက် ခဲ့ပါတယ်။ ပဲမျိုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၉၈ ဒသမ ၁၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပါပြီ ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးဇော်က ပြောသည်။

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံများဖြစ်သည့် ပဲမှုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၂၂၂၁၄ ဧက၊ မတ်ပဲ ၃၈၅၃၂ ဧက၊ ပဲကြီး ၁၇၁ ဧက၊ ပဲလွမ်း ၂၃၂၃ ဧက၊ ကုလားပဲ ၂၂၅၆ ဧက၊ စားတော်ပဲ ၇၉၅၇ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧကနှင့်အခြားပဲ ၂၅၃၃ ဧက စုစုပေါင်း ၈၈၃၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပိုမှု များမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိရရှိခဲ့ကြောင်းသိရပြီး ပဲစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကန့်ဘလူမြို့နယ်သည် တတိယအများဆုံးစိုက်ပျိုးသည့်မြို့ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)