ပွင့်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံကျေးလက်နေပြည်သူများ ရွာသီမရွေးအဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်အတွက် ကျေးရွာချင်းဆက်လမ်းအရှည်ပေ(၂)မိုင် ဂဝံမြေနီလမ်း ခင်းခြင်းလုပ်ငန်းနှင့် အရှည် (၁၅)ပေ Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၆ ဒသမ ၅၀ သန်းအသုံးပြု၍ တင်ဒါစနစ်ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ် မုန်းဇလဲ - ကျောင်းကုန်းကြီး ဆက်သွယ် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းနှင့် အရှေ့လေးအိမ်ကျေးရွာ - လက်တံ(၁၁)သို့ ဖောက်လုပ်ထားသည့်လမ်း စုစုပေါင်းလမ်းအရှည်ပေ(၂)မိုင်အား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ဖလံတောကျေးရွာနှင့် ရွာသာကြီးကျေးရွာချင်းဆက်လမ်းတွင် အရှည်(၁၅)ပေရှိ Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း သိရကာ ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ ဖလံတောကျေးရွာ၊ ရွာသာကြီးကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာတို့မှ အိမ်ခြေ ၂၃၃၈ အိမ်၊ လူဦးရေ ၁၁၆၁၈ ဦးအတွက် တစ်ရွာနှင့် တစ်ရွာကူးလူးဖြတ်သန်းသွားလာရာ၌ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေများမှထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)