ပဲခူး နိုဝင်ဘာ ၂၂
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့အနောက် -ခ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (မြို့အနောက်-ခ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုံးရီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်မြနှင်းထွေးက အားကစားနှင့်ပတ်သက်၍ “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား (၄) မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝင်းကျော်က လူငယ်နှင့်ခေါင်းဆောက်မှု၊ အားကစားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) တက်ရောက်နိုင်ရေး အသိပညာပေး စသည်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အခြေခံပညာ အထက်တန်းကျောင်း (မြို့အနောက်-ခ) မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်