ကျောက်ကြီး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၃)ဦး၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျောင်းသား၊ ကျောင်းသူ (၉)ဦးတို့က ခေါင်းစဥ်(၆) မျိုးအား မဲနှိုက်ပြီး ကျရာခေါင်းစဉ်အား ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုသွားရမှာဖြစ်ကြောင်း၊ စွမ်းရည်ပြိုင်ပွဲအား နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက် (၂)ရက်တာ ကျင်းပပြုလုပ်၍ ဖြေဆိုချိန်အား ၁ နာရီခွဲ သတ်မှတ်ထားကြောင်း သိရသည်။
ယခုလိုပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာ ဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနှိုင်ရေးအတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်သိမြင်နိုင်မှုစွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းခြင်း နည်းလမ်းများကို ရှာဖွေဖန်းတီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ပြောကြားချက်အရ သိရသည်။
ဆက်လက်ပြီး အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်တို့ သင်ကြားမှုတွင် စွမ်းရည်တိုးတက်လာစေရန် အင်္ဂလိပ်စာဘာသာရပ် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်္ချာဘာသာရပ်တွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအားရွေးချယ်ပြီး ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်