ငဖဲမြို့နယ် Youth Club အဖွဲ့မှ စိတ်ကိုလှပအောင်ပြင်နည်းစာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက စာရေးဆရာ ခင်စောတင့်ရေးသားသော စိတ်ကိုလှပအောင်ပြင်နည်း(အသိ၊ သတိရှိခြင်း)စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာ ခင်စောတင့်ရေးသားသော စိတ်ကိုလှပအောင်ပြင်နည်း စာအုပ်ပါအသိ၊ သတိရှိခြင်းသည် မကောင်းသောနေရာမှ ထွက်ပေါက်တစ်ခုသာမဟုတ်ပါ၊ သတိနှင့်နေခြင်းသည် ကောင်းသောနေရာတစ်ခုသို့ ရောက်နိုင်ရန် သို့မဟုတ် ထိုနေရာတွင်နေနိုင်ရန်ပင်ဖြစ်ကြောင်း၊ စိတ်ကိုငြိမ်သက်စေရန်အတွေးများကို သတိနှင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ မိမိပိုပြီးသတိရှိလေ ဆောင်ရွက်သောအလုပ်သည်ကြည်လင် ပြတ်သားလာပြီး အကျိုးကျေးဇူးလည်းများလာကာ အသိစိတ်နှင့်စိတ်ဓါတ်ကိုလည်း ပေါ့ပါးလင်းလက်စေပါကြောင်း၊ မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က အသိ၊ သတိဖြင့်ခန္ဓာကိုယ်ကိုစောင့်ကြည့်ခြင်း၊ သတိရှိစွာဖြင့် အချိန်များကိုကုန်လွန်စေခြင်း၊ သတိနှင့်နေထိုင်ရန်လေ့ကျင့်ခြင်းသည် စိတ်၏ပင်ကိုယ်စွမ်းရည်များကို ပစ္စုပ္ပန်အချိန်တွင်ရှိနေရန် ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ သတိရှိသောလေ့ကျင့်ခန်းဆိုင်ရာများ၊ မိမိတို့၏နေ့စဉ်ဘဝထဲမှလုပ်ရိုးလုပ်စဉ်ပုံမှန် အလုပ်များထဲသို့ သတိရှိခြင်းကိုကြိုးစားပြီး ထည့်သွင်းရန်လိုအပ်ကြောင်းကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့်အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် မြို့နယ် Youth Club အဖွဲ့ဝင်များက မြို့နယ်ရုံးမှပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့်အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)