ကျောက်တံခါးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ

ကျောက်တံခါး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအစည်းအဝေးအား ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများအား  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ကော်မတီဝင်များအနေဖြင့် စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွားများသို့ ကွင်းဆင်း၍ ဟောပြောပွဲများ ပိုမိုဆောင်ရွက်ရန်ပြောကြားပြီး  လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုလပြည့်ဟန်က ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားရာတွင် ကလေးသူငယ်အလုပ်သမားများ ပပျောက်ရေးအတွက် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်၍ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)