ဂန့်ဂေါ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ယခင်အခါက စပါးရိတ်သိမ်းရာ၌ လူအားဖြင့် ရိတ်သိမ်းခဲ့ကြသော်လည်း ယခုအခါတွင် တွင်ကျယ်စွာဖြင့် ကုန်ကျ စရိတ်သက်သာသည့် စပါးရိတ်စက်ကို အသုံးပြုလာကြကြောင်း သိရသည်။
စပါးရိတ်စက်ကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ “လူအားဖြင့် ရိတ်တဲ့အခါ တစ်ဧကမှာ ၁၅ ယောက် လောက်ရိတ်မှ တစ်ရက်အတွင်းပြီးပါတယ်၊ စက်အားနဲ့ရိတ်သိမ်းတဲ့အခါ တစ်နာရီဝန်းကျင်အတွင်း ပြီးပါတယ်၊ လူတစ်ယောက်တစ်ရက်လုပ်အားခက ၈ ထောင်ကျပ်ပေးရပါတယ်၊ စက်ငှားတော့ တစ်ဧက အတွက် (၁၀၀၀၀၀)ကျပ် ပေးရပါတယ်၊ ဒီနှစ်က စက်သုံးဆီဈေးတက်လို့ ၁ သိန်းကျပ်ပေးရတာ၊ ယခင်နှစ်ကတော့ ၇ သောင်းကျပ်ပေးရပါတယ်၊ ကုန်ကျစရိတ်က ကုန်ကျတာခြင်းတူနေရင်တောင် တွင်ကျယ်မှုမြန်ဆန်လို့ စက်ကိုအသုံးများလာကြတာဖြစ်ပါတယ်”ဟု ကျောတိုက်ရပ်ကွက်မှ လယ်သမားကြီး ဦးကျော်ဝင်းက ပြောသည်။
လူနှင့်စပါးရိတ်သည့်အခါတွင် ကောက်ရိုးသိမ်းဆည်းရလွယ်ကူပြီး စက်နှင့်ရိတ်သည့်အခါ ကောက်ရိုးသိမ်းဆည်းရာတွင် အခက်အခဲဖြစ်မှုရှိကြောင်းနှင့် တိရိစ္ဆာန်အစားအစာအတွက် ကောက်ရိုး လိုအပ်ချက်များလည်းရှိနေရာ လူအားဖြင့်လည်း ရိတ်သိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)