ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာသီးသန့် စံကွက်စတင် စိုက်ပျိုး

ဖြူး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး ဧက(၈၁၀၃)ဧကကျော် လျာထားပြီး လျာထားချက်အတိုင်း စိုက်ပျိုးသွားနိုင်ရေးအတွက် ဆောင်းနေကြာသီးသန့်စံကွက်အနေဖြင့်  ကျားသောင်ကျေးရွာအုပ်စု၊ ကျားသောင်ကျေးရွာရှိ တောင်သူ ဦးတင်ဌေးဦး၏ စိုက်ကွက်(၄)ဧကတွင် ယနေ့ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်း ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း  သိရသည်။

ကျားသောင်ကျေးရွာအုပ်စုအတွင်း တောင်သူများအနေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးကြပြီး ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ခင်းအနေဖြင့် လည်းကောင်း၊ မတ်ပဲများနှင့် ပင်ကြားတန်းကြားစိုက်ခင်းအနေဖြင့်လည်းကောင်း၊ စိုက်ပျိုးလေ့ရှိကြောင်းနှင့် စိုက်ပျိူးပြီး ဆောင်းနေကြာစိုက်ပျိုးခင်းများအား မတ်လတွင် စတင်ရိတ်သိမ်းချိန်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူ ဦးတင်ဌေးဦးထံမှ သိရသည်။

အဆိုပါ ဆောင်းနေကြာ သီးသန့်စံကွက်အား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးညှိနှိုင်း ကြီးကြပ်မှုကော်မတီဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ကျေးရွာ တောင်သူများက ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးများကို  မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)