ဝါးခယ်မမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ ၂၅ သိန်းကျော် ဆက်လက်ထောက်ပံ့ပေး

ဝါးခယ်မ စက်တင်ဘာ  ၂၁

ကိုဗစ် -၁၉ ရောဂါ ကာလအတွင်း   ရေလုပ်ငန်းကဏ္ဍအပေါ်  ထိခိုက်ဆုံးရှုံးမှုများ ပြန်လည် ထူထောင်‌နိုင်ရေးအတွက်  ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု    ကုစားမှုအစီအစဉ်အရ  နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်းဒေသအသီးသီးမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များကို ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီတွင် ဝါးခယ်မမြို့နယ်ရှိ ငါးမွေးတောင်သူများ ထံသို့ ဒုတိယအကြိမ်အဖြစ် ငါးသားပေါက်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် ငါးသားပေါက်များကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ချစ်ခိုင်နှင့် ဝန်ထမ်းများက ရွှေလောင်း၊ အူကျွန်း၊ စပါးရို၊ မိုးမခသက္ကယ်၊ ကံကွင်း၊ ပေါက်တိန်း၊ မြစ်ကလေး၊ မြဂိုးလေး၊ ဂရမ်း၊ သီလှချောင်း၊ ဦးပိတ္တုပ် စသည့် ငါးမွေးတောင်သူ စုစုပေါင်း ၄၇ ဦး၏ ငါးမွေးမြူရေး ဧက ၁၂၇၀ ဒသမ ၆၃ ဧက အတွက် ငါးမြစ်ချင်းသားပေါက် အကောင်ရေ စုစုပေါင်း ၂,၅၄၁,၂၆၀ ကို (၂၅ သိန်းကျော်)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)