ပေါက်ခေါင်းမြို့နယ် ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါအဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၆ သန်းဖြင့် ဖိုးကျော့ကွင်းကျေးရွာ၌ လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ တွင်းအကျယ် ၆ ပေ၊ အနက် ပေ ၄၀ ရှိ တွင်းတူးဖော်ခြင်းနှင့်ဇီးအုပ်ကျေးရွာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၆ သန်းဖြင့် လက်တူးတွင်းကျယ်တူးဖော်ခြင်း၊တွင်းအကျယ်  ၆ ပေ၊ အနက် ပေ ၄၀ ရှိရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းပြီးစီး‌ အောင်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက် နေမှုများကို ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့်ဦးစီးအရာရှိ‌ ဒေါ်အေးမို့မို့ဝင်း တို့ကအချိန်မီပြီးစီးရေးနှင့် အရည်အ‌သွေးပြည့်မီရေးတို့ကို  လုပ်ငန်းတာဝန်ခံများအား ကွင်းဆင်းစစ်‌ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးလက်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)