နတ်မောက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆည်ကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများနှင့် အသက်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်း လက်ဝယ်ကိုင်ဆောင်နိုင်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး ကျေးရွာပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြော ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း မိမိတို့ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများကလည်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးစသည့်လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများကလည်း လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း