ကြံခင်းမြို့တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းမင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးသူငယ် အလုပ်သမားပပျောက်ရေး အသိပညာပေးသည့် အချက်များကို ကျောင်းသား/သူများ မှတ်သားထားပြီး  မိမိဘဝ၊ သမိုင်းကောင်းမွန်ရေး ဆောင်ရွက်ကြရန် ပြောကြားပြီးနောက်   မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးငြိမ်းက ကာကွယ်ရေးဆိုင်ရာ အချက်များ၊ အသက်ရှင်သန်ဖွံ့ဖြိုးမှုနှင့် အခွင့်အရေးဆိုင်ရာများအားလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုမှု၊ ကလေးသူငယ်အလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် နိုင်ငံတော်အတွက် ကလေးများရဲ့အနာဂတ်နှင့် ပညာသင်ကြားမှုဆိုင်ရာများကို ဟောပြောပါသည်။

ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိဒေါ်သီတာဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွင်ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါအခွင့်အရေးများအား လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဒေါ် အောင်မျိုးမြင့်နိုင်က ကလေးသူငယ်ဆိုင်ရာဥပဒေ၊ အခွင့်အရေးများနှင့် ပြစ်မှု/ပြစ်ဒဏ်များအား လည်းကောင်း ရှင်းလင်းဟောပြောကြသည်။

ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ကြကြောင်းနှင့် ကြံခင်းမြို့နယ် ဘက်ရဲမြို့ (အ.ထ.က) ကျောင်း တေဇခန်းမနှင့် သစ်ဆိမ့်ကိုင်း(အ.လ.က) ကျောင်းခန်းမတို့တွင် ကလေးသူငယ် အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ(၂၁)ရက်နေ့က ကျင်းပခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)