ကျွန်းလှ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၁၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် ဧက ၁၀၆၄ စိုက်ပျိုးရန်လျာထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဧက ၅၅၀ စိုက်ပျိုးပြီးဖြစ်ပါသည်။ ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေကို ဓာတုကင်းလွတ်သီးနှံရရှိဖို့နဲ့ တိုးချဲ့စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးနေပါသည်ဟု” မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
ယခုနှစ် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံရရှိရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းမုန်လာ၊ မုန်လာထုတ်၊ မုန့်ညှင်း၊ ခရမ်းချဉ်သီး၊ ရုံးပတီ၊ ခရမ်း၊ နံနံ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် သီးနှံမျိုးစုံကို ချောင်းရေနှင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးကျကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ