ကျွန်းစုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်လုပ်ငန်းသုံးစက်လှေများ ပျက်စီး

ကျွန်းစု၊  စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်စုမြို့နယ်တွင် အပူပိုင်းမုန်တိုင်း နို(လ်)၏အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာ သွန်းပြီး ထူးကဲဒီရေတက်ကာ လေပြင်းများတိုက်ခတ်ပြီး ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက နေအိမ်နှင့် လုပ်ငန်းသုံးစက်လှေများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းများတိုက်ခတ်ပြီး ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ချောင်းကြီးဝကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက် စီးသော နေအိမ် (၂၇) အိမ်နှင့် နေအိမ် (၁၁) အိမ် ပြိုကျပျက်စီးခဲ့ကြောင်း၊ ရေကန်တောင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း နေအိမ် (၈) လုံး၊ တောပြားကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၁၂) လုံးနှင့် နေအိမ် (၇) လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ သဲတန်းကျေးရွာတွင် နေအိမ် (၈) လုံး၊ အုတ်ဖိုမော်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၁၄) လုံး၊ နေအိမ် (၂၇) လုံးနှင့် လုပ်ငန်းသုံးစက်လှေ (၅) စီး၊ တာလပိုင်းကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၁၄) အိမ်နှင့် နေအိမ် (၁) လုံး၊ မဆန်းအော်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၂) လုံး၊ ဝါးအော်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၆၂) လုံး၊ စခန်းသစ်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသော နေအိမ် (၂၆) လုံးနှင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ လူ/တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများမရှိကြောင်း၊ ရေဘေးကြောင့် နေအိမ်အပျက်အစီးများအား ကျေးရွာတာဝန်ခံများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်း ရှင်းလင်းပေးခဲ့ကြောင်းနှင့် ဘေးသင့်မိသားစုဝင်များအား ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွေ့နေထိုင်နိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)