ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် မွေးမြူရေးဒီပလိုမာ သင်တန်းကျောင်းကို တွဲဖက်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် အခြေခံအဆောက်အဦများကို တည်ဆောက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် တည်ဆောက်ရေးလုပ်ငန်းများ၏ လုပ်ငန်းပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသော (၁၇၃ x ၃၂ x ၂၂ ဒဿမ ၅) ပေရှိ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်၊ (၁၅၀ x ၃၀ x ၁၂) ပေရှိ RC တစ်ထပ်လက်တွေ့ဆောင်၊ အရှည်(၃၁၆၀)ပေ အကျယ် ၁၄ ပေရှိ ကုန်ထုတ် လမ်းဖောက်လုပ်ခြင်း၊ (၄၅ x ၂၄ x ၁၀)ပေရှိ Steel Structure အမျိုးအစား ဝက်ခြံ၊ (၄၀ x ၂၀ x ၁၀)ပေရှိ အသားတိုးကြက်ခြံ၊ (၅၅ x ၂၀ x ၁၀)ပေရှိ Steel Structure အမျိုးအစား နွားခြံ၊ (၄၅ x ၃၀ x ၁၂)ပေရှိ RC ခြံလုပ်သားအိမ်ရာ၊ (၄၀ x ၁၉ x ၁၀)ပေရှိ RC အမျိုးအစား အစာဂိုဒေါင်၊ (၃၆ x ၂၇ x ၁၅)ပေရှိ ငါးသားဖောက်ရုံ၊ (၆၀ x ၂၀ x ၁၀)ပေရှိ အသားတိုးကြက်ခြံ၊ (၁၇၀ x ၃၆ x ၂၂ ဒဿမ ၅)ပေရှိ RC အမျိုးအစား နှစ်ထပ်စာသင်ဆောင် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ယူတည်ဆောက်လျက်ရှိသောကုမ္ပဏီများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)