နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအား စာဖတ်နည်း(၃)နည်းအကြောင်း၊ လူငယ်များနှင့်အနေဖြင့် အလှဟူသည် ဘ၀တွင်အလွန် အရေးပါ နေတတ်ပါကြောင်း၊ လူငယ်များ လှချင်သည်မှာ ကောင်းကြောင်း၊ သို့သော် လူတိုင်းတွင် ကိုယ်ပိုင်အလှရှိခြင်းကို  မေ့မသွားစေချင်ပါကြောင်း၊ ဖိုးလမင်းသည်လည်း သူ့အချင်းနဲ့အလင်းနဲ့ လှပနေသကဲ့သို့ ဖန်မီးအိမ်လည်း သူ့အရှိန်နဲ့ သူ့ဂုဏ်ရှိကြောင်း၊ လူငယ်များအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဖြင့် ပညာဉာဏ်ပြည့်၀ပြီး နှလုံးလှသူတွေဖြစ်အောင် စာများများဖတ်စေချင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘ၀ကို တည်ဆောက်ခြင်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ ဒေါ်မူမူစန်း ရုပ်သံ/၃မှ “ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဌာနဖြစ်စေ၊ ဌာနတစ်ခုခုဟာ မိမိရဲ့မိသားစုဖြစ်ပါတယ်၊ မိသားစုလို့ပြောလိုက်တာနဲ့ ပါဝင်သူတွေဟာ မိသားစုကိစ္စ ရပ်တွေအားလုံးနဲ့ သက်ဆိုင်ပါတယ်၊  မိသားစုစိတ်ဓာတ်ဆိုတာ အားလုံးကောင်းစားရေးအတွက် အတူတကွ လက်တွဲလုပ်တာဖြစ်ပါတယ်၊ အမှားတွေကိုမြင်ရင်ပြင်ရပါတယ်၊ ကောင်းတာတွေကို လုပ်ကြပါတယ်၊ လုပ်သင့်တာကိုလုပ်ရပါတယ်”စသည်ဖြင့် ဆွေးနွေးခဲ့ရာ စာပေဝါသနာပါသူတစ်ဦးမှ “ လူငယ်နဲ့ စူးစမ်း လေ့လာမှုများ ” အကြောင်းအရာအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူမူစန်း