ပွင့်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးရာတွင် ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦးက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် အဓိကဖြစ်သည့် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာလုံခြုံရေး အလေးထား ဆောင်ရွက်သွားရန် လိုကြောင်း၊ ကျေးရွာရပ်မိရပ်ဖများအနေဖြင့် မိမိရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စည်းလုံး ညီညွတ်စွာ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ဒေသဟာ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်သဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် စပါး၊ နှမ်း၊ နေကြာ စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို တောင်သူတစ်ဦးချင်း သီးနှံဝင်ငွေတိုးပွားစေရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက်ကိုလည်း မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ မိမိတို့ရပ်ရွာတွင် ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက မဖြစ်မနေ ထိုးနှံကြစေလိုကြောင်း ၊ နယ်မြေအတွင်း ထူးခြား ဖြစ်စဉ်များ ရှိပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့၍ အကူအညီ ရယူဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များနှင့် သောက်သုံးရေရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာအတွက် ဆောင်ရွက်ပေးစေလိုသည့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို အကြံပြုဆွေးနွေး တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)