ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်များဖြစ်သော ဆံပင်ညှပ်သင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲများကို ယနေ့နံနက် ၈ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် မည်သည့်နေရာဒေသတွင်မဆို စီးပွားရေးပြန်လည်လုပ်ကိုင်နိုင်ရန် အသုံးဝင်လှသည့် ပညာရပ်များဖြစ်ပြီး မိမိပတ်ဝန်းကျင်အတွက်ပါ အထောက်အကူပြုသည့်ပညာရပ်များဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့်သူများအနေဖြင့် သင်ယူကြမည့်ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်သွားပါက အလုပ်အကိုင်အခွင့်အလမ်းများ မလွှဲမသွေရရှိလာမည်ဖြစ်ပြီး စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ တတ်မြောက်သွားသည့် အတတ်ပညာဖြင့် ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်ပြီး သက်မွေး ပညာရပ်များကိုသင်ယူ၍ ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆံပင်ညှပ်သင်တန်းသို့ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး၊ အခြေခံကွန်ပျူတာသင်တန်းသို့ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၁၁ ဦးနှင့် စက်ချုပ်သင်တန်းသို့ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများနှင့် အတူ သင်တန်းခန်းမအသီးသီး၌ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံရင့် သင်တန်းဆရာ၊ ဆရာမ များဖြင့် စာတွေ့လက်တွေ့ သင်ကြား၊ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)