မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁၄) လမ်းအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ၏ အခွင့်အရေးနှင့်လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ်အကြောင်း သိကောင်းစရာများ၊ မြို့နယ်(၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေး အန္တရာယ်များအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်အောင်က မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသကာ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား အခမဲ့ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)