ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီး

ပလောက်၊ စက်တင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာနှင့် ဥယျာဉ်ကမ်းကျေးရွာ၌ ယမန် နေ့ည (၁၂) နာရီ အချိန်ခန့်၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃) လုံး ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
လေပြင်းတိုက်ခတ်မှုပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ပြင်ဘုငယ်ကျေးရွာ၌ နေအိမ် (၄)လုံးမှာ အုန်းပင်ပိ၍ အိမ်အနောက်ပိုင်းပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၁) လုံးမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်အနောက်ပိုင်းပြိုကျပျက်စီးခဲ့ကြောင်း၊ နေအိမ်(၁)လုံးမှာ အိမ်တစ်လုံးလုံး ပြိုကျခြင်းများဖြစ်ပွားခဲ့ကြောင်းနှင့် ဥယျာဉ်ကမ်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၅)လုံးမှာ အိမ်အခင်းနှင့်အကာပြိုကျပျက်စီးခဲ့ကြောင်း၊ နေအိမ် (၁) လုံးမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်တစ်လုံးလုံးပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများမရှိကြောင်းနှင့် သဘာဝဘေးကြောင့် ပျက်စီးသွားသောနေအိမ်များမှမိသားစုဝင်များအား ကျေးရွာရှိဆွေမျိုးများ နေအိမ်၌ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


နှင်းမြူလွင်  (ပလောက်-ပြန်/ဆက်)