မယ်စဲ့မြို့နယ်တွင် ပန်တိန်းကျေးရွာပြည်သူများအား အဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

မယ်စဲ့ နိုဝင်ဘာ ၂၂

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ ကက်သလစ်ဘုရားရှိခိုး ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငြိမ်းထက်အောင်က ပန်တိန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအား အဌမအကြိမ် ပြန်လည်ထုတ်ချေး ပေးနိုင်ရေးအတွက် စီမံကိန်းချေးငွေ အတိုး၊ အရင်း ပြန်လည်ပေးဆပ်မှုအား မိမိတို့ဌာန၏ ကြီးကြပ်မှု၊ မြို့နယ်အဆင့်မြစိမ်းရောင်ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ကျေးရွာကော်မတီမှ ချေးငွေ အတိုး၊ အရင်းအား ကျေးရွာကော်မတီငွေသေတ္တာတွင် ပြန်လည်ပေးဆပ်ခဲ့ပြီး စီမံကိန်း လက်စွဲစာအုပ်ပါ ညွှန်ကြားချက်များနှင့်အညီ ငွေသားလက်ကျန်စာအုပ်ပုံစံ (၇-ခ) တွင် ရေးသွင်းပြီး ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပန်တိန်းကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ အသင်းသား ၁၂၀ ဦးအတွက် ငွေကျပ် ၅၄၀ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)