စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့နေ့လည် ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး   မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေး  ဥပဒေအကြောင်း သိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show Video ကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက် page နှင့် We Love Einme page တို့တွင် ပြည်သူများ သိရှိနိုင်ရန် ထုတ်လွှင့်ပေးသွားမည်ကြောင်း သိရသည်။

ဌေးဌေးလှိုင်